စားပြီး ဝမ်းသွားချင် ဘာကိုမြင်
အစား စားပြီးပြီးချင်း သိပ်မကြာခင် ဗိုက်ထဲပြည့်အင့်လာတာ၊ ဗိုက်က တရစ်ရစ်နဲ့ ထိုးအောင့်လာပြီး စားနေရင်းတန်းလန်း ဒါမှမဟုတ် စားပြီးတာနဲ အိမ်သာ ချက်ချင်း သုတ်ခြေတင် ထပြေးရတာမျိုး ကြုံဖူးကြပါသလား?
ဒါဆိုရင်တော့ ဒါဟာ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သော ရောဂါ အစပြုနေပြီလို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်ပါတယ်။
အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သော ရောဂါ ( Irritable Bowel Syndrome, IBS) ဆိုတာ အဖြစ်များပြီး ရေရှည်မှာ စိတ်ရှည်လက်ရှည်နဲ့ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာပြီး ကုသရမယ့် အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။
IBS ရောဂါ သီးသန့်အနေနဲ့ကတော့ မိတ်ဆွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးရွားစွာ မထိခိုက်စေသလို တခြားသော အစာအိမ်အူလမ်းကြောင်း ကင်ဆာများ ဖြစ်ပွားနိုင်ခြေကိုလဲ မြင့်တက်စေမှာ မဟုတ်ပါ။ IBS ဘာကြောင့်ဖြစ်ရတယ် ဆိုတာ ပြောဆိုမှုပေါင်းများစွာ ရှိပေမယ့်
အကြောင်းအရင်းအမှန်ကိုတော့ တိတိပပ သက်သေပြနိုင်ခြင်း ယခုထိ မရှိသေးပါ။
IBS ရောဂါ လက္ခဏာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ခံစားမှု ပြင်းထန်ပုံချင်း မတူညီကြပါ။ အများအားဖြင့် စိတ်တွေရှုပ်၊ဖိအားတွေ များနေတဲ့ အချိန်၊ ဒါမှမဟုတ် ရောဂါပိုဆိုးစေတဲ့ အစားအစာတွေ စားလိုက်မိရင် ပိုပြင်းထန်စွာ ရောဂါဝေဒနာ ခံစားရတတ်ပါတယ်။
IBS ရဲ့ အဖြစ်များသော ရောဂါလက္ခဏာတွေကတော့...
1. တရစ်ရစ်ကနေ ဆိုးရွားစွာ ဗိုက်ထိုးအောင့်ခြင်း၊ ( တစ်ချို့သော သူတွေမှာတော့ IBS ရောဂါလက္ခဏာတွေဟာ အိမ်သာကောင်းကောင်း သွားလိုက်ရရင် သက်သာပျောက်ကင်း သွားလေ့ရှိတယ်လို့ ဆိုကြပါရဲ့ )
2. ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလဲလာခြင်း၊ ( ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ တစ်ခါတစ်ရံ နှစ်မျိုးစလုံးလဲ ဖြစ်နိုင်ပါတယ်)
3. ရင်ပြည့်ရင်ကယ် လေပွခြင်း ၊
4. လေမတရားထိုးအောင့်၊ လေချဥ်တက်ခြင်း ၊
5. ရံဖန်ရံခါ မထိန်းထားနိုင်လောက်အောင် အိမ်သာပြေးရခြင်း တို့ ဖြစ်ပါတယ်။ တချို့သော အဖြစ်နည်းတဲ့ လက္ခဏာတွေကတော့ ဖျား၊ နုန်းခွေနေပြီး ရင်ပူတတ်ခြင်း တို့ပဲဖြစ်ပါတယ်။
IBS လို့ သတ်မှတ်ဖို့က ခံစားနေရတဲ့ ဝေဒနာတွေကို သေချာမေးမြန်း
စမ်းသပ်စစ်ဆေးပြီးမှသာ သေချာပြောလို့ရမှာ ဖြစ်ပါတယ်။ IBS လို့ ဒက်ထိ ပြောနိုင်တဲ့ စမ်းသပ်စစ်ဆေးချက်တော့ မရှိသေးပါ။
IBS နဲ့ အလားသဏ္ဍန် ဆင်တူလေ့ရှိတဲ့ရောဂါတွေကတော့ အဓိကအားဖြင့် အူတွေ ရောင်ရမ်းတဲ့ရောဂါ ( Inflammatory bowel disease ) နဲ့ gluten ပါတဲ့ အစားအစာတွေ စားမိရင် ခန္ဓာကိုယ်ခုခံအားစနစ်က အူ တစ်ရှူးတွေကိုပါ တိုက်ခိုက်တဲ့ရောဂါ ( Coeliac disease) တို့ပဲ ဖြစ်ပါတယ်။
ဒီရောဂါတွေကိုပါ ဟုတ်မဟုတ် ခွဲခြမ်းစိတ်ဖြာကြရပါတယ်။
IBS ရဲ့ ရောဂါလက္ခဏာတွေမှ သက်သာလာစေဖို့ ဘာတွေ လုပ်ရမလဲ?
1. ကျန်းမာပြီး အာဟာရမျှတအောင် စားသုံးပါ။ အစားနည်းနည်းကို
သေချာ အချိန်ခဏပေးပြီး ကြေညက်အောင် ဝါးစားပေးပါ။ တစ်နေ့ ထမင်းသုံးနပ်ကို မစားလိုက်ရ မရှိလေအောင် ပုံမှန်စားပေးပါ။ ဝမ်းချုပ်ပါက အမျှင်ဓာတ်ပါသော အစားအစာ၊ ဟင်းသီးဟင်းရွက် များကို ပိုစားသုံးပေးပါ။
ဝမ်းလျှောနေပါက ထိုစားသောက်မှု ပုံစံကို ရှောင်ကြဥ်ရုံသာမက အဆီအဆိမ့်တွေ၊ အချိုတွေ၊ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ ready made အစားအစာတွေကို မစားသုံးပါနှင့်။ ဒိီလိုမျိုး အစားအသောက်ပုံစံ ပြောင်းလဲပေမယ့် မသက်သာလာဘူးဆိုင်ရင်တော့ နားလည်တတ်ကျွမ်းသော အာဟာရ ဆိုင်ရာ ပညာရှင်များနဲ့ တိုင်ပင်ပြီး low FODMAP diet ( Fermentable Oligosaccharides, Disaccharides,
Monosaccharides, And Polyols) ကဲ့သို့သော စားသောက်မှု ပုံစံနဲ့ စားနိုင်ပါသေးတယ်။
2. ရေ 1500 လီတာကနေ 2 လီတာ အထိ နေ့စဥ်ပုံမှန် သောက်သုံးပေးပါ။ လေ့ကျင့်ခန်းလုပ်တာ၊ ဝမ်းလျှောတာ စတဲ့ ရေဓာတ်ကုန်ဆုံးစေသော အရာများပြုလုပ်ပါက ရေပိုသောက်ပေးပါ။ Gas ပါသော အချိုရည်များ၊ caffeine ပါသော အရည်များ သောက်သုံးတာထက် ရိုးရိုးရေ သောက်သုံးတာက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ်။
3. အေရိုးဗစ်၊ စက်ဘီးစီးတာ၊ လမ်းမြန်မြန်လျှောက်ပေးတာ စတဲ့ လေ့
ကျင့်ခန်းများကို အပတ်စဥ် ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် IBS ရဲ့ ရောဂါဝေဒနာများ နည်းပါးသွားစေတယ်လို့လဲ ဆိုကြပါတယ်။ ဒါပေမယ့် ဒီ
လေ့ကျင့်ခန်းများဟာ မိတ်ဆွေရဲ့ အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကို မြန်စေတဲ့ လေ့ကျင့်ခန်းများ ဖြစ်ဖို့တော့ လိုပါမယ်။
4. တစ်ခါတစ်ရံ ဗိုက်အောင့်သက်သာစေတဲ့ ဆေးတွေ၊ ဝမ်းသွားစေတဲ့ဆေးတွေနဲ့ အူလှုပ်ရှားမှု လျော့နည်းစေတဲ့ ဆေးတွေကလဲ အထောက်အကူပေးပါတယ်။
5. ဒီလိုမျိုး ရောဂါလက္ခဏာတွေ ကြုံတွေ့ခံစားနေရတာဟာ လူတစ်ယောက်ရဲ့ နေ့စဥ်လူမှုဘဝတွေမှာ ရိုက်ခတ်မှုပြင်းထန်ပြီး စိတ်ဖိစီး၊ စိတ်ညစ်၊စိတ်ဓာတ်ကျခြင်းတွေပါ နောက်ဆက်တွဲ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုတွေ ခံစားနေရပြီဆိုရင် စိတ်ကို အနားပေးနိုင်တဲ့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ စိတ်ချမ်းသာစေတဲ့ ချစ်ခင််ရတဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး အတူဖြတ်သန်းတာ စတဲ့ စိတ်အပန်းပြေစေမယ့် နည်းလမ်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။
ဘယ်လိုအချိန်တွေမှာ ချက်ချင်း အမြန် ဆေးခန်းသွားပြဖို့ လိုသလဲ?
1. အသက် (50) ကျော် အရွယ်၊ ဝမ်းသွားတဲ့ အလေ့အထတွေ ပြောင်းလဲလာတာ (6) ပတ်ကျော် ကြာပြီး မသက်သာလျှင်၊
2. ရုတ်တရက် တိတိပပအကြောင်းအရာမရှိဘဲ ပိန်ပြီးရင်းပိန်လာလျှင်၊
3. ရင်ညွန့် ဒါမှမဟုတ် စအိုဝမှာ အလုံး ရှိသလို ခံစားရလျှင်၊
4. စအိုမှ သွေးကျနေလျှင် ၊
5. မိသားစုမှာ အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာ မျိုးရိုးရှိလျှင် အမြန် ဆေးခန်း သွားရောက်ပြသင့်ပြီး လိုအပ်တဲ့ကုသမှု ခံယူသင့်ပါတယ်။
ကဲ မိတ်ဆွေတို့ကော စားပြီးတာနဲ့ ဝမ်းသွားချင်နေတဲ့ သူတွေ ကြုံဖူးပြီး
ကြပြီလား? ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကို စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်